ဘဝမှာ စွဲစွဲမက်မက် စားဖူးတာဆိုရင်
ဟော့ပေါ့ လို့ပဲပြောရမှာ
ပထမဆုံး ဟော့ပေါ့စားဖူးတာ 2016 လောက်ကဖြစ်မယ်ထင်တယ်။ အဲ့တုန်းက ရုံးက လိုက်ကျွေးလို့ မန္တလေးက iHotpot မှာ စားဖူးတာ။ Buffet မှ 8000~10000 လောက်ပဲရှိတယ်။ မှတ်မိသလောက်တော့ ဆိုင်ခွဲတွေက အောင်တော်မူဘုရားနားမှာ တစ်ဆိုင်နဲ့ 62*သိပ္ပံလမ်းနားမှာ တစ်ဆိုင်ရှိတယ်။ အဲ့နောက်တော့ new Ocean မှာဖွင့်တဲ့ Enjoy Hotpot။ အဲ့နောက်ပိုင်း သူငယ်ချင်းတွေဆုံဖြစ်လို့ လျှောက်စားဖြစ်တဲ့ ဟော့ပေါ့ဆိုင်တွေရှိသေးတယ် ( အဲ့တုန်းက သူငယ်ချင်းတွေကတော့ အခု နိပွန်မှာ )။
ဟော့ပေါ့နဲ့ပတ်သက်တဲ့အမှတ်တရဆိုရင် 2018 အစလောက်တုန်းက မြစ်ကြီးနားကိုရောက်တုန်း တည်းတဲ့ဘုန်းကြီးကျောင်းနားမှာ တိုက်ပွဲဖြစ်တာ။ အဲ့ကျောင်းက ကျောင်းထိုင်က ဧည့်သည်တွေ တစ်ခုခုဖြစ်မှာစိုးလို့ လာနှိုးပြီးခေါ်တာ ကျန်တဲ့သူတွေသာနိုးတယ် ကိုယ်က အိပ်လို့ကောင်းတုန်း။ နောက်ရက်ကျ ကျန်တဲ့ မိတ်ဆွေနှစ်ယောက်က လကုန်ရင် ဟော့ပေါ့ဆိုင်သွားမလားတိုင်ပင်နေတာ ကိုယ်က အိပ်နေရာကနေ ဘယ်ဆိုင်လဲ ဘယ်မှာစားမှာလဲ ထမေးလို့ အဟားခံရတာ။ အခုထိ အဲ့မိတ်ဆွေတွေနဲ့ဆုံဖြစ်ရင် ပြောပြီး ရယ်ဖြစ်နေတုန်းပဲ။
ဒီနှစ်လည်း မိတ်ဆွေကောင်းတွေကောင်းမှုနဲ့ ဟော့ပေါ့ဆိုင် စုံနေအောင် ရောက်တယ်။ တစ်ခါစားပြီး နောက်ခါ ဒီဆိုင် ဟင့်အင်းလို့ ပြောရတဲ့ဆိုင်တွေရှိသလို နောက်တစ်ခါ ဟော့ပေါ့စားဖြစ်ရင် ဒီဆိုင်ပြန်ထိုင်ဖြစ်ဖို့ စိတ်ထဲက မှတ်ထားလိုက်တာမျိုးရှိတာပ။ Beauty in the Pot လိုဆိုင်မျိုးကျ ဈေးကောင်းသလောက် တကယ့်ဆိုင်ကောင်းစာရင်းဝင်သလို Spicy Hotpot, Shwe Kaung နဲ့ Shwelar ကျ ပေးရတာနဲ့ တန်တယ် မဆိုးဘူး ဆိုတဲ့ခံစားချက်မျိုးရတယ်။ အကင်ဆို Manpuku အပြင် Kim Pot လည်းကောင်းတယ်။ Bamboo ကျ ကျန်တာအဆင်ပြေပေမယ့် ပုစွန်သိပ်အဆင်မပြေဘူး။
အချို့ဆိုင်တွေကျ အပြင်အဆင် နဲ့ နာမည် ပဲရှိပြီး quality control နဲ့ service သေချာ မလုပ်နိုင်လို့ နောက်ခါဆို ဟင့်အင်း ဖြစ်သွားတဲ့ဆိုင်တွေလည်းရှိတယ်။ ဆိုင်အကြီးတစ်ဆိုင်ဆို နောက်ခါသွားစားမလား မေးရင် အစားကြိုက်တဲ့ ကိုယ့်မိတ်ဆွေရင်းကပါ တော်ပြီ တော်ပြီ ဖြစ်သွားတာ။ မှတ်မှတ်ရရ BBQ ကို ကြိုက်လွန်းလို့ ပြန်အန်တဲ့အထိ စားတဲ့ဘော်ဒါလည်းရှိသေးတယ်။
ဘဝမှာ အကြိုက်ဆုံး အစားအသောက်ကိုပြောရရင် ဟော့ပေါ့ပါပဲ။ စားသလောက်လည်း စားပြီးတိုင်း နောင်တ ရပါတယ်။ ငါ နောက်ခါ ဒီလိုမစားတော့ဘူး ဆိုပြီး အမြဲတွေးပါတယ်။ ဒါပေမယ့်လည်း စားဖြစ်နေတုန်းပါပဲ။ တကယ်လို့များ ကျွန်တော်နဲ့ဆုံဖြစ်တဲ့အခါ "ဟော့ပေါ့စားရအောင်" လို့ ကျွန်တော် ပြောရင် ဒါ ချစ်လို့ပြောတာပါ။ စိတ်ရင်းနဲ့ လေးလေးနက်နက် သဘောထားလို့ပြောတာပါ။ ဂုဏ်ယူလိုက်ပါ ...